ရိုင်နီယာ နဲ့ ချင်ဂစ် အလာဇော့ဗ် တို့ရဲ့ ပုန်ကန်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် ၊ နောက်ထပ် အားယူနေတဲ့ ဖိုက်တာ တစ်ချို့လဲ ထွက်ပေါ်လာပါတယ်။
ကနဦး အနေနဲ့ BJJ က ဆရာ့ ဆရာကြီး ဘူချက်ချာက ပွဲဝေးလွန်းနေတဲ့ အကြောင်းရင်းဟာ ဘာ့ကြောင့်လဲ ဆိုပြီး အခုလို စတေးတပ်တင် ဖွင့်ချလိုက်ပါပြီ။
“ အခုနောက်ပိုင်း လူတော်တော်များများက ကျနော့်ကို မေးလာကြတယ် …. အပြီးပိုင် အနားယူလိုက်ပြီလား တဲ့။
အဖြေက မဟုတ်ပါဘူး။ ကျနော် ပွဲတွေ မထိုးပဲ နေသလို ဖြစ်နေတာ ကိုယ့်ရွေးချယ်မှု မဟုတ်ပါဘူး ၊ ပွဲဝေးသွားတာက တစ်နှစ်လောက်တောင် ရှိပြီ ထင်ပါတယ်။ ဒါပေမယ့် ကျနော့်မှာ ပွဲကမ်းလှမ်းမှု ရဖို့ ကံ ပါ မလာဘူးဗျာ။ အဲဒီ အကြောင်းရင်းကြောင့် ပွဲဝေးနေတာပါ။
ကျနော် ပွဲ ဘယ်အချိန် ပြန်ထိုးမလဲ လို့ ခင်ဗျားတို့က မေးကြတယ် ၊ ကျနော်ကလဲ ဘယ်အချိန် ပြန်ထိုးခွင့်ရမလဲ ဆိုပြီး အဲဒီလူတွေ ဆက်တိုက် မေးနေတုန်းပါပဲ။ တိတိကျကျ ပြောရရင် ပွဲ မထိုးရတာ 13 လ တောင် ရှိလာပါပြီ။ အဲလောက်ကြီး ဝေးလွန်းတော့ စိတ်ပျက်မိပါတယ်။ ဒါက ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်နဲ့ ပြောတာ မဟုတ်ပါဘူး။
ဒီတော့ အဖြေကို သိချင်ရင် ONE Championship ကို Tage တွဲပြီးပဲ ဖြစ်ဖြစ် မေးကြပါ” လို့ IG မှာ စတေးတပ် ရေးလိုက်ပါတယ်။
ဒီလောက် ပွင့်ထွက်လာပြီ ဆို ကတည်းက ကန့်လန့်ကာ နောက်ကွယ်မှာ ကြိတ်ထားကြပြီးပါပြီ။ ဘယ်လို ဆက် နှစ်ပါးသွားမလဲပဲ စောင့်ကြည့်ရတော့မှာပါ။
ဘူချက်ချာပြီးတော့ နောက်ထပ် ဘုကလန့် တိုက်သွားသူက ချတ်ထရီ ရဲ့ မွေးစားသားလို့တောင် ပြောလို့ရတဲ့ မိုက်ကီ မူဆူမက်ချီပါ။
ပြိုင်ပွဲ ကျင်းပဖို့ ၂ ရက် အလိုမှ ဒန်ဗာ ကို ရောက်လာတယ်။ လိုက်ဝိတ်တန်း တက်ပြီး ချန်ပီယံ ခါးပတ် စိန်ခေါ်ရမယ့် အနေထားကနေ ၊ သူ့ရဲ့ ဖလိုင်းဝိတ် ချန်ပီယံ ခါးပတ် ကာကွယ်ရမယ့် အခြေနေမျိုး ဖြစ်သွားတယ်။
ဝိတ်ချတယ်။ လိုက်ဝိတ်တန်း အတွက် ပြင်ဆင်ထားတာ ဆိုတော့ ဖလိုင်းဝိတ်တန်း အတွင်း ချဖို့က မလွယ်ဘူး။ ဝိတ်တန်း မဝင်ဘူး။ အဲဒီမှာတင် ချန်ပီယံ ခါးပတ် ရုပ်သိမ်းခံလိုက်ရပါတယ်။
မိုက်ကီ ဟာ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ပရိသတ်တွေရော ၊ ပြိုင်ဘက် ဘီဘီတို ကိုပါ တောင်းပန်တဲ့ အကြောင်း စတေးတပ်တောင် တင်ပါသေးတယ်။ ဒါပေမယ့် ကန့်လန့်ကာ နောက်ကွယ်မှာ ဘာတွေ ထပ်ဖြစ်လဲ မသိပါဘူး။
ပြိုင်ပွဲ ကျင်းပဖို့ 6 နာရီ အလိုရောက်မှ မိုက်ကီမူဆူမက်ချီ vs. ဘီဘီတို ပွဲ ထပ်ပျက်ပါတယ်။ ပရိုမိုးရှင်းကတော့ မိုက်ကီ ဟာ Hydration Test အတွင်း ဝင်ဖို့ Sample တောင် လာပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။
မိုက်ကီ ဟာ Face Off လုပ်ချိန်မှာလဲ စင်ပေါ်ကို တက်လာခြင်း မရှိပါဘူး။
ပြိုင်ပွဲကျင်းပဖို့ 2 ရက် အလိုမှ ဒန်ဗာ ကို လာတယ် ၊ ဝိတ်ချ > ဝိတ်ချိန် > ချန်ပီယံ ခါးပတ် ဆုံးရှုံး > နှုတ်ထွက်
မိုက်ကီအတွက် အလိုလိုနေရင်းကို ထိခိုက်နေသလိုပါပဲ။
ONE Championship ရဲ့ ဖိုက်တာတွေ အပေါ် ကိုင်တွယ် ဆက်ဆံပုံတွေက မေးခွန်း ထုတ်စရာတွေတော့ ဖြစ်လာနေပါပြီ။ နာမည်မကြီးသေးတဲ့ ဖိုက်တာတွေကို စိတ်တိုင်းကျ ခြယ်လှယ်လို့ ရကောင်း ရနိုင်ပေမယ့် ၊ ပုံရိပ်ရှိပြီးသား ကစားသမားတွေကတော့ ရေရှည်သီးခံကြမှာ မဟုတ်ပါဘူး။