မေး – အာဒိုဂန် နဲ့ ထိုးဖို့ ပထမဆုံး ကမ်းလှမ်းလာချိန်က သူ့ အကြောင်းကို ဘယ်လောက်ထိ သိထားလဲဗျ။
ဖြေ – သူက ကမ္ဘာ့အဆင့် Wrestling ပြိုင်ပွဲမှာ ဆုတံဆိပ် ဆွတ်ခူးထားတဲ့သူ ၊ ရှုံးပွဲ မရှိသေးတဲ့ ရုရှားဖွား ဖိုက်တာ ၊ နပန်း ကစားတဲ့ အပိုင်းမှာ အရမ်းကို အဆင့်တန်းမြင့်တယ် ဆိုတာ သိထားပါတယ်။ Striking လဲ ကောင်းပါတယ်။
ဒါ့ကြောင့် ကို ကျနော်က လေ့ကျင့်ခန်းတွေ အပြင်းထန် လုပ်ဖြစ်ခဲ့တာပါ။ သူ ယူလာမယ့် ဘယ်လို တိုက်ကွက်မျိုး အတွက်မဆို ကျနော်တို့က အဆင်သင့် ဖြစ်နေပါပြီ။

မေး – အခု ဖန်ရောင် နဲ့ ထိုးခဲ့တဲ့ မြို့မှာပဲ ပွဲ ပြန်ထိုးရမယ်ပေါ့။ အဲဒီ ပွဲတုန်းက ပင်လယ်ရေမျက်နှာပြင်အထက် တစ်မိုင်ကျော်မှာ ထိုးခဲ့ရတဲ့ အတွေ့ကြုံတွေကနေ ဘာတွေ သင်ယူဖြစ်လဲဗျ။
ဖြေ – ပင်လယ်ရေမျက်နှာပြင် အမြင့်ကြီးထက်မှာ ထိုးရတာ အတော်ခက်တာပါ။ အဆုတ်ကနေ ရှူရှိုက်ရတာကိုက ခက်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အကောင်းဆုံးပုံစံရအောင် ပြင်ဆင်ထားပါတယ်။

ဘယ်လောက်ပဲ ပြင်ထားပြင်ထား အနည်းနဲ့ အများတော့ သက်ရောက်မှု ရှိတာပါပဲ။ အဲဒီအတွက် ကိုယ့်ကိုယ့်ကို ပိုပြီး ပြင်ရပါတယ်။ အားလုံး အဆင်ပြေမှာပါ။ ဒီပွဲ အတွက် ပြင်ဆင်ချိန်က လုံလုံလောက်လောက် ရှိထားပါတယ်။ အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်အောင် ထိုးပြသွားမှာပါ။

မေး – ဒီပွဲက ONE Championship ဖိုက်တာဘ၀ ပွဲ ၂၀ ပြည့်မြှောက်တဲ့ ပွဲနော်။ အဲဒီ ခံစားချက်လေး မျှဝေပါဦး။
ဖြေ – ဆယ်စုနှစ် တစ်ခုကြာ လက်တွဲခဲ့တယ် ၊ ပွဲပေါင်း ၂၀ တောင် ပြည့်ပြီ ဆိုတော့ ကျနော့် ရဲ့ နာမည်နဲ့ ဖြတ်သန်းမှုတွေ အပေါ် လေးစားမှု ထားကြပါ။ ကျနော်လဲ စိတ်လှုပ်ရှားမိပါတယ်။ အကောင်းဆုံးပုံစံတွေက ထွက်မလာသေးပါဘူး။ ဒါက စကားအဖြစ် ခဏခဏ ထုတ်ပြောနေတာမျိုး မဟုတ်ဘူး ဆိုတာ ကတိတောင် ပေးချင်ပါတယ်။ ပေါက်ကွဲမှုအားပြင်းတဲ့ ပွဲမျိုးကို ထိုးပြမှာပါ။

မေး – အာဒိုဂန် က Wrestling နောက်ခံ ကနေ လာတာ ဆိုတော့ အဲဒီ ပုံစံ အားပြု ကစားမယ်လို့ မျှော်လင့်ထားလား။
ဖြေ – သူက ပွဲကို သူလိုချင်တဲ့ ပုံစံမျိုးရအောင် ဆွဲခေါ် ကစားမှာပါ။ ဒါပေမယ့် ထိုးကြိတ်ရတဲ့ ကစားနည်းမို့ အကြိတ်နယ် ရှိပါမယ်။ အပြန်လှန်တွေ ဆော်ကြတဲ့ သုံးချီ ပုံစံမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ ကျနော် ကတော့ သူ့ရဲ့ မျက်နှာကို ကြွေမွသွားအောင် လုပ်ပြဖို့ ဦးတည်မှာပါ။

မေး – ဘယ်လို ပုံစံမျိုး နဲ့ ပွဲသိမ်းပြဖို့ စိတ်ကူးပြထားလဲ။
ဖြေ – အပြန်လှန် ဆော်ကြတဲ့ ပုံစံပါ။ ကျနော်ကလဲ ပေပေတေတေ ထိုးရတာမျိုး ဖြစ်ချင်ပါတယ်။ စက္ကန့်တိုင်းမှာကို ခံစားမိချင်တယ် ၊ နာကျင်မှုတွေ ၊ ပေါက်ကွဲမှုတွေ အကုန်ပါပဲ။ သူနာ ကိုယ်နာ ဆော်ကြရင်းနဲ့ တတိယချီမှာ ပွဲသိမ်းနိုင်ဖို့ ကြိုးစားသွားမှာပါ။

မေး – ဒီပွဲ နိုင်လိုက်ရင် ၄ ပွဲ နိုင်ပွဲဆက်နော်။ ဒါဆိုရင် ချန်ပီယံ ခါးပတ် စိန်ခေါ်ခွင့် မျှော်လို့ရပြီပေါ့။
ဖြေ – အဲလိုပဲ ဖြစ်သင့်တာမို့လား။ ဒီဝိတ်တန်း ရဲ့ ချန်ပီယံ ခါးပတ်ကို အကြာဆုံး ကိုင်ထားခဲ့တဲ့သူလဲ ဖြစ်လို့ ၊ ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ပြီးတော့ ချန်ပီယံ ခါးပတ် အကြိမ်ရေ အများဆုံး ကာကွယ်တဲ့သူ ၊ နိုင်ပွဲကလဲ 4 ပွဲ ထိ ဆက်ထားတယ်….

ပြောရရင်တော့ ပြောစရာတွေက အများကြီးပါပဲ။ ဒါပေမယ့် ဒီပွဲ အနိုင်မရရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒီပွဲက သိပ်ကို ခက်ခဲတဲ့ ပွဲပါ။ သူ့ ကျွမ်းကျင်တဲ့ ပုံစံနဲ့ ၊ ကျနော် ကျွမ်းကျင်တဲ့ ပုံစံ ကို ယှဉ်ကြည့်လိုက်ပါ။ လွယ်ကူမယ့် ပွဲမျိုး မဖြစ်နိုင်ပါဘူး။ စတိုင်အားဖြင့်တော့ အတော်ကို ကြိတ်ရမယ့် ပွဲမျိုးပါပဲ။

ကျေးဇူး အများကြီး တင်ပါတယ်……….